ဇရပ်ကြီးတိုက်ပွဲ စစ်ကောင်စီဘက်က ၇၀ ခန့်သေဆုံးဟု တောင်ပိုင်းစစ်ဒေသထုတ်ပြန်

ဇရပ်ကြီးတိုက်ပွဲ စစ်ကောင်စီဘက်က ၇၀ ခန့်သေဆုံးဟု တောင်ပိုင်းစစ်ဒေသထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၇၀ ခန့် သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ဖေဖော်ဝါရီ ၁၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မှာ ခလရ ၇၃၊ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ကောင်စီဂိတ်၊ နှစ်တန့်ကူတံတားနဲ့ ရေကြည်ချောင်းတံတား စစ်ဆေးရေးဂိတ်တွေကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ မြို့ဆိုးတံတား၊ နှစ်တန့်ကူးတံတားကို ဖောက်ခွဲဖြတ်တောက်နိုင်ခဲ့သလို ခလရ ၇၃ တပ်ရင်းရုံးခန်းအထိ ဝင်ရောက်နိုင်ခဲ့ပြီး အရေးကြီးစာရွက်စာတမ်းနဲ့ ခဲယမ်းတွေကို သိမ်းဆည်းဖျက်ဆီးနိုင်ခဲ့တယ် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

"တိုက်ပွဲကတော့ ပြီးသွားပြီ၊ အခြေအနေအရကတော့ ကျနော်တို့ဘက်က အဖွဲ့တွေလည်း လုံခြုံတဲ့နေရာကို ပြန်ဆုတ်လာကြပြီ။ ထိခိုက်သေဆုံးကတော့ နှစ်ဖက်စလုံးရှိတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇၀ ခန့်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သလို KNLA ပူးပေါင်းတပ်တွေဘက်ကလည်း ၂၀ နီးပါးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရခဲ့သလို လက်နက်တွေဆုံးရှုံးခဲ့ရတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈၀ ကျော်ပြုလုပ်ခဲ့တာအပါအဝင် နှစ်ဘက်ပစ်ခတ်မှုအတွင်း အရပ်သားသေဆုံးမှုအများအပြားရှိခဲ့ကာ ၅၀ ဦးခန့် ဒဏ်ရပြီး ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတွေသေဆုံးမှုကို လူမှုကူညီရေးအသင်းတွေဘက်က လိုက်လံကောက်ယူနေရာ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းထိ အလောင်း ၅ လောင်း ကောက်ယူထားနိုင်ပြီး ကျန်အလောင်းတွေကိုတော့ လက်နက်ကြီးနဲ့ ဗုံးအန္တရာယ်တွေကြောင့် မကောက်ယူနိုင်သေးပါဘူး။

ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းထိ တိုက်ပွဲကြောင့် စစ်ရှောင်နေရသူတွေဟာ တောင်ငူမြို့နဲ့ ထန်းတပင်မြို့ထဲက ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေထိုင်နေရပြီး နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

ပုံစာ - ဇရပ်ကြီးတိုက်ပွဲဝင်ရဲဘော်များနှင့် ခလရ ၇၃ တပ်ရင်းအတွင်းသို့ ဝင်ရောက်ခဲ့သည့် ရဲဘော်များ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ထန်းတပင်မြို့  #ဇရပ်ကြီးတိုက်ပွဲ #ခလရ၇၃ #မြို့ဆိုးတံတား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10