တနင်္ဂနွေ၊ ဇွန်လ ၉ရက်၊ ၂၀၂၄

စစ်တွေမြို့ တွင် ၂ ရက်အတွင်း စစ်ဘေးရှောင်သူများ အပါအဝင် အရပ်သား ၅၀ ကျော် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

သဉ္စာနွယ်/ နိရဉ္စရာ၊ မတ် ၁၆/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ဘေးရှောင်ကြသူများ အပါအဝင် အရပ်သား ၅၀ ခန့်ကို ရခိုင်ပြည်နယ် ရဲမှူးကိုယ်တိုင် ဦးဆောင်ဖမ်းဆီးသွားကြောင်း မျက်မြင်ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယနေ့ မတ်လ ၁၆ ရက် နံနက်ပိုင်းက ပေါက်တောမြို့နယ်ဘက်မှ စစ်တွေမြို့သို့ ခရီးသည် တင်ဆောင် လာသည့် ဟွန်ဒါစက်လှေ ၃ စီးနှင့် အတူ လိုက်ပါလာသည့် ခရီးသည် ၁၈ ဦး ကို မြို့မစျေးကြီး ဖောင်တော်တွင် ပြည်နယ်ရဲမှူးဦးဆောင်ပြီး စစ်သားများနှင့် အတူပူးပေါင်း ဖမ်းဆီးသွားသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

“  ပေါက်တောကလာတဲ့ ခရီးသည်တွေကို ပြည်နယ်ရဲမှူးကိုယ်တိုင် ဆင်းဖမ်းတာ။ စျေးကြီး ဖောင်တော်မှာ ဖမ်းတာ။ ဦးလေးတို့ကြားတာက ဟွန်ဒါစက်လှေ ၃စီးလို့တော့ကြားတယ်။ ခရီးသည် ၁၈ ယောက်။ အရေအတွက် အတိကျတော့သေချာမသိရသေးဘူး။ ဒီထက်လည်း ပိုများနိုင်တယ် “ ဟုပြောသည်။

၎င်းခရီးသည်များမှာ စစ်တွေမြို့သို့ စျေးဝယ်စျေးပြုလာသူများဖြစ်ကြပြီး စစ်ကောင်စီက စစ်တွေမြို့သို့  ဝင်ထွက်ခရီးသွားလာခြင်းကို တားမြစ်ထားသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

၎င်းအပြင် ယမန်နေ့  မတ် ၁၅ ရက်နေ့ တစ်ရက်ထဲတွင် စစ်တွေ မြို့လယ်ချောင်းမှ ထွက်လာသည့် သဗ္ဗန် (၅)စီးမှ စစ်ဘေးရှောင်ရန် သွားကြသည့် ပြည်သူ ၃၀ ကျော်ကိုလည်း စစ်ကောင်စီ ရေတပ်နေဗီမှ သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့သည်ဟု  နောက်ထပ် စစ်တွေမြို့ခံ သက်ကြီးပိုင်းအရွယ် အမျိုးသား တစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

“  မနေ့က နေ့လယ် ၁ နာရီခန့်အချိန်မှာ ဖမ်းတာ။  စစ်တွေကနေ တခြားတစ်နေရာကို စစ်ဘေးရှောင် ကြတဲ့သူတွေလည်း ပါကြတယ်။ သူတို့တွေကိုပါ ဖမ်းတာ။ အခု စစ်တွေမြို့ အရင်ကထက် လုံခြုံရေး တင်းကျပ်တယ်လို့ပြောလို့ရတယ်” ဟုပြောသည်။

၎င်းဖမ်းဆီးခံထားရသည့် ပြည်သူ ၅၀ ကျော်ကို စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားပြီး တရားစွဲဆို အမှုဖွင့်ရန် ပြင်ဆင်နေသည်ဟု ၄င်းကပြောသည်။

“ ခုရဲစခန်းမှာ ထိန်းသိမ်းထားတုန်း။ ပြန်မလွတ်ပေးသေးဘူး။ အမှုဖွင့်ဖို့လုပ်နေတယ်တဲ့။ ဘာအမှုနဲ့ ထပ်ဖွင့်အုံးမှာလည်းမသိဘူး” ဟုပြောသည်။

ယင်းအပြင် စစ်တွေစျေးသို့ အဝင်အထွက်ပြုလုပ်သည့် ငါးဖမ်းစက်လှေများကိုလည်း ယနေ့ မတ်လ ၁၆ ရက်မှစ၍  စစ်ကောင်စီမှ အဝင်အထွက် ပိတ်လိုက်ပြီဟု မြို့ခံများကပြောသည်။

အဆိုပါ အဖမ်းအဆီးကိစ္စနှင့် ပတ်သက်၍ ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းနှင့် နယ်လုံဝန်ကြီးသို့ ဖုန်းဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသလို စစ်တွေအမှတ် (၁) ရဲစခန်းသို့လည်း ဖုန်းဆက်သွယ် မရရှိသေးပါ။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း BXT( ကိုရီးယားဆိပ်ကမ်း)တွင် ရပ်နားထားသည့် သဗ္ဗန်များမှ ခရီးသည်အများအပြားနှင့် ငါးဖမ်းစက်လှေများမှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ဆက်စပ် သတင်းများ